(၂၀၁၅) ခုနှစ်၊ ဇူလိုင်လ (၁၄) ရက်နေ့တွင် ရွေးကောက်ပွဲပညာပေးရေးနှင့် စောင့်ကြည့်လေ့လာရေးမိတ်ဖက်များ (Election Education and Observation Partners – EEOP) အဖွဲ့၏ပြည်နယ်နှင့်တိုင်းဒေသကြီး (၁၃) ခုမှ အဖွဲ့ဝင်များစုပေါင်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးသို့ သွားရောက်ခဲ့ရာ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (Union Election Commission – UEC) ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိပုဂ္ဂိုလ်များနှင့် နေပြည်တော်ရှိကော်မရှင်ရုံးအစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်အစည်းအဝေးတွင် ရွေးကောက်ပွဲပညာပေးရေးနှင့် စောင့်ကြည့်လေ့လာရေးမိတ်ဖက်များအဖွဲ့ဝင် အဖွဲ့အစည်းကိုယ်စားလှယ်များမှ သက်ဆိုင်ရာအဖွဲ့ဝင်များအကြောင်း မိတ်ဆက်ပြောကြားခဲ့သည်။ ယင်းနောက် ဥက္ကဋ္ဌမှ မြန်မာနိုင်ငံရှိ (၂၀၁၀) ခုနှစ်နှင့် (၂၀၁၂) ခုနှစ် ရွေးကောက်ပွဲသမိုင်းကိုအခြေခံ၍ ရွေးကောက်ပွဲများအကြောင်းကို ဥပဒေမူဘောင်၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်းလုပ်ငန်းနှင့် မဲစာရင်း၊ မဲဆန္ဒရှင်ပညာပေးရေးအစီအစဥ်များ၊ ကြိုတင်မဲပေးခြင်းဆိုင်ရာ ပွင့်လင်းမြင်သာမှုနှင့်အတူ ရွေးကောက်ပွဲနှင့်မဲဆန္ဒရှင်ပညာပေးရေးအခန်းကဏ္ဍများတွင် အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏အခန်ကဏ္ဍများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် ရွေးကောက်ပွဲပညာပေးရေးနှင့် စောင့်ကြည့်လေ့လာရေးမိတ်ဖက်များကွန်ယက်အဖွဲ့ဝင် အဖွဲ့အစည်းများမှ မဲဆန္ဒရှင်ပညာပေးရေးလုပ်ငန်းနှင့်ပတ်သက်ပြီး ကြုံတွေ့ရသောအခက်အခဲများ၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲများ၊ အထူးသဖြင့် ဝေးလံသောကျေးလက်ဒေသနှင့် ပဋိပက္ခဖြစ်ပွားရာဒေသများတွင် တွေ့ကြုံရသောအခက်အခဲများကို တင်ပြခဲ့သည်။ ထို့အပြင် EEOP အဖွဲ့ဝင်များမှ ရွေးကောက်ပွဲကော်မရှင်များ၏ အနာဂါတ်အစီအစဥ်များ၊ လုပ်ငန်းစဥ်များနှင့်အတူ မဲစာရင်းများ ကပ်ထားကြေညာနိုင်ရန်အတွက် ဘတ်ဂျက်ကိစ္စများ၊ လျှောက်လွှာဖောင်အရေအတွက်ရရှိနိုင်မှုများ၊ အထူးသဖြင့် ရပ်/ကျေးအဆင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအတွက် စီစဥ်ထားမှုများ၊ မဲရုံများနှင့်ဝေးကွာသောမဲဆန္ဒရှင်များအတွက် ပြင်ဆင်ထားမှုများ အစရှိသည်တို့ကို မေးမြန်းဆွေးနွေးခဲ့ကြသည်။ ထို့အပြင် EEOP အဖွဲ့ဝင်များအနေဖြင့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများဆိုင်ရာ ကျင့်ဝတ်သတ်မှတ်ချက်၊ လုပ်ငန်းစဥ်သတ်မှတ်ချက်များနှင့် ပတ်သက်ပြီး မေးမြန်းဆွေးနွေးခဲ့ရာ မဲပေးမှုဖြစ်စဥ်နှင့် မဲရေတွက်ခြင်းလုပ်ငန်းစဥ်များအား စောင့်ကြည့်လေ့လာရေးနှင့်ပတ်သက်၍လည်း မရှင်းလင်းသည်များအား မေးမြန်းဆွေးနွေးခဲ့ကြပါသည်။
မေးမြန်းဆွေးနွေးချက်များနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏အခက်အခဲများအား မည်သို့ဖြေရှင်းဆောင်ရွက်ရမည်ကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။ ထို့အပြင် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၏ကျင့်ဝတ်နှင့် သက်ဆိုင်ရာလုပ်ငန်းစဥ်အဆင့်ဆင့်နှင့်အတူ မဲရေတွက်ခြင်းလုပ်ငန်းစဥ်အား စောင့်ကြည့်လေ့လာနိုင်သည်ကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်။