နိုင်ငံသားနှင့်မဲဆန္ဒရှင်အသိပညာ
နိုင်ငံသားနှင့်မဲဆန္ဒရှင်အသိပညာပေးခြင်းအား ကမ္ဘာ့နိုင်ငံအများစုရှိ အဖွဲ့အစည်းနှင့်လူပုဂ္ဂိုလ်အများစုမှ အကောင်အထည်ဖော်ဆောင်ရွက်လေ့ရှိကြသည်။ အဆိုပါ နိုင်ငံသားနှင့်မဲဆန္ဒရှင်အသိပညာပေးခြင်းကို လူ့အခွင့်အရေးကော်မရှင်များ၊ နိုင်ငံတကာ၊ ဒေသတွင်းနှင့် ပြည်တွင်းအရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ကူညီပံ့ပိုးကာ ဆောင်ရွက်လေ့ရှိကြသည်။ အထူးသဖြင့် ပြည်သူမှအုပ်ချုပ်သည့်စနစ်ဖြစ်သော ဒီမိုကရေစီနိုင်ငံများတွင် နိုင်ငံသားအသိပညာမှာ တိုင်းသူပြည်သားများအတွက် မသိမဖြစ် အရေးကြီးဆုံး အသိပညာတစ်ရပ်ဖြစ်သည်။ ဒီမိုကရေစီနိုင်ငံများတွင် အရွယ်ရောက်ပြီးသူ နိုင်ငံသားတိုင်းသည် လုံလောက်သော နိုင်ငံသားအသိပညာရှိရမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင်လည်း လွတ်လပ်ရေးရပြီးစ (၁၉၅၀) ခုနှစ်ဝန်းကျင်၌ ဒီမိုကရေစီစနစ်ကို အခြေတည်ခဲ့ပြီး၊ “ပြည်သူ့နီတိ”ဟုခေါ်ဆိုသော နိုင်ငံသားအသိပညာပေးရေးမှာ ပုံမှန်ပညာရေးစနစ်တွင် ထင်ရှားသော ဘာသာရပ်တစ်ခုဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် နိုင်ငံတော်အား စစ်အုပ်ချုပ်ရေးစနစ်ဖြင့် စတင်ကျင့်သုံးလာသည့်အချိန်၌ အဆိုပါ “ပြည်သူ့နီတိ” (ခေါ်) နိုင်ငံသားအသိပညာပေးဘာသာရပ်အား ဖယ်ထုတ်ခဲ့ပြီး၊ နိုင်ငံသားများ၏ တာဝန်နှင့် ဝတ္တရားများဆိုင်ရာ ရေးသားထုတ်ဝေမှုများအား ပိတ်ပင်ခဲ့သည်။ ထို့အတွက် စစ်အုပ်ချုပ်ရေးနှင့်အတူ လူထုကြားတွင် အခြေခံနိုင်ငံသားအခွင့်အရေးများ၊ တာဝန်ဝတ္တရားများစသည့် ပြည်သူ့နီတိ၊ နိုင်ငံသားအသိပညာများ နည်းပါးလာခဲ့ပြီး၊ ပြည်သူ့အခန်းကဏ္ဍမှာ မှေးမှိန်ပျောက်ကွယ်လာခဲ့သည်။
ယင်းနောက် ဆယ်စုနှစ်ပေါင်းများစွာအကြာတွင် အသစ်ပြဋ္ဌာန်းလာသော (၂၀၀၈) ခုနှစ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အတူ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို စတင်တွေ့ရှိလာရပြီး၊ ပြည်သူ့နီတိ (ခေါ်) နိုင်ငံသားအသိပညာကိုလည်း ပြန်လည်ဖော်ဆောင်လာခဲ့ကြသည်။ ဒီမိုကရေစီစနစ်သို့ ပြုပြင်ပြောင်းလဲရမည်ဖြစ်သည့်အတွက် နိုင်ငံတော်၏အရေးအရာကိစ္စများတွင် ပြည်သူများ၏အခန်းကဏ္ဍ မှာ အလွန်အရေးကြီးလာမည်ဖြစ်သည်။ နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရသော ပြည်သူလူထုအနေဖြင့် အဆိုပါ ပြည်သူ့နီတိ (ခေါ်) နိုင်ငံသားအသိပညာ၊ ယင်းနှင့်ဆက်စပ်လျှက်ရှိသော မဲဆန္ဒရှင်အသိပညာများကို မှန်မှန်ကန်ကန် ရရှိ၊ သိရှိကြရန်မှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွင် အဓိကလိုအပ်ချက်တစ်ရပ်ဖြစ်လာသည်။ ထို့အတွက် ပြည်သူနီတိ (ခေါ်) နိုင်ငံသားအသိပညာနှင့် မဲဆန္ဒရှင်အသိပညာများမှာ ဘက်လိုက်မှုမရှိ၊ လူတစ်စုမှလွှမ်းမိုးချုပ်ကိုင်ခြင်းမျိုးမရှိဘဲ၊ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအတွက် ဒီမိုကရေစီအင်္ဂါရပ်များနှင့် ပြည့်စုံသည့် အသိပညာများအဖြစ် ပေါ်ထွန်းလာရန်လိုအပ်သည့်နည်းတူ၊ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင် သော နိုင်ငံသားတိုင်း လက်လှမ်းမှီရရှိနိုင်ရေးကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်ရန် ကျန်ရှိနေသေးသည်။ ထို့အပြင် ယင်းအသိပညာများ ပေါ်ထွန်းလာစေရေး၊ ကျယ်ပြန့်စွာ သိရှိ၊ ကျင့်သုံးလာစေရေးမှာ တိုင်းပြည်၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးကြီးသည့် လိုအပ်ချက်များဖြစ်ပါသည်။
အဆိုပါလိုအပ်ချက်များအတွက် မိမိတို့ ရွေးကောက်ပွဲပညာပေးရေးနှင့် စောင့်ကြည့်လေ့လာရေးမိတ်ဖက်များကွန်ယက် (Election Education and Observation Partners – EEOP) အဖွဲ့ဝင်များနှင့်အတူ၊ ဦးဆောင်အဖွဲ့ဝင်တစ်ခုဖြစ်သည့် နယူးမြန်မာဖောင်ဒေးရှင်း (New Myanmar Foundation – NMF) စသည့် အရပ်ဖက်အဖွဲ့အစည်းများမှ ‘ပြည်သူ့နီတိ၊ နိုင်ငံသားအသိပညာနှင့် ရွေးကောက်ပွဲပညာပေးရေး’ (Civic & Voter Education) ဖော်ဆောင်မှုများအား (၂၀၁၄) ခုနှစ်မှစတင်၍ လုပ်ငန်းစဥ်များချမှတ်ဆောင်ရွက်လျှက်ရှိသည်။