မြန်မာနိုင်ငံ၏ သမိုင်းဝင် (၂၀၁၅) အထွေထွေရွေးကောက်ပွဲအပြီး၊ (၂၀၁၇) ခုနှစ်၊ ဧပြီလ (၁) ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲအား ရွေးကောက်ပွဲပညာပေးရေးနှင့် စောင့်ကြည့်လေ့လာရေးမိတ်ဖက်များ (EEOP) အဖွဲ့မှ တရားဝင် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ (၂၂၀) ဦးဖြင့် စောင့်ကြည့်လေ့လာရေးပြုလုပ်ခဲ့ရာ ကနဦးတွေ့ရှိချက်များကို ရွေးကောက်ပွဲအပြီး ဧပြီလ (၃) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အစီရင်ခံစာအကျဥ်းချုပ်
ကျင်းပပြုလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲသည် (၂၀၁၅) ခုနှစ် အထွေထွေရွေးကောက်ပွဲပြီးနောက် အသစ်ပြန်လည်ဖွဲ့စည်းထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လက်ထက်တွင်ကျင်းပသည့် ပထမဆုံးရွေးကောက်ပွဲဖြစ်သည်။ ကြားဖြတ်ရွေးကောက်ပွဲကျင်းပသည့် စုစုပေါင်းမဲဆန္ဒနယ် (၁၉) နေရာအနက် (၆) နေရာမှာ (၂၀၁၅) အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးပြဿနာများကြောင့် ချန်လှပ်ထားခဲ့ရ၍ လစ်လပ်နေခြင်းဖြစ်ပြီး၊ ကျန်နေရာများမှာ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ ရာထူးများအတွက် ခန့်အပ်ခြင်းခံထားရ၍ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပျက်ပြယ်သွားသောကြောင့် လစ်လပ်ခြင်းနှင့် ကိုယ်စားလှယ်ဆုံးပါးသွားသည့်အတွက် လစ်လပ်နေခြင်းတို့ကြောင့် ဖြစ်သည်။ ပြည်နယ်နှင့် တိုင်းဒေသကြီး (၈) ခုရှိ၊ မြို့နယ် (၂၂) မြို့နယ်တွင် ကျင်းပခဲ့သည့် ဤကြားဖြတ်ရွေးကောက်ပွဲသည် ပြည်ထောင်စုလွှတ်တော်နှင့် ပြည်နယ်လွှတ်တို့အတွက် ရွေးကောက်တင်မြှောက်ခဲ့ခြင်းဖြစ်ပါသည်။
ခြုံငုံသုံးသပ်ချက်များအရ ကြားဖြတ်ရွေးကောက်ပွဲကို ပြဿနာတစုံတရာကြီးကြီးမားမားမရှိဘဲ ကျင်းပနိုင်ခဲ့သည်ကို တွေ့ရှိရသည်။ မြို့နယ် (၂၂) မြို့နယ်တွင် ဖြန့်ကျက်နေရာချထားခဲ့သည့် EEOP အဖွဲ့၏ စောင့်ကြည့်လေ့လာသူများမှ ရွေးကောက်ပွဲနေ့တွင် အစီရင်ခံစာစုစုပေါင်း (၅၁၆) စောင်ပို ပေးပို့ခဲ့သည်။ ထိုအစီရင်ခံစာများအရ လုပ်ထုံးလုပ်နည်းဆိုင်ရာ ပြဿနာအချို့ကို လေ့လာတွေ့ရှိရသော်လည်း ရွေးကောက်ပွဲမှာ (၉၅%) အဆင်ပြေချောမွေ့သည်ဟု အကဲဖြတ်နိုင်သည်။ သို့သော် ယခုလေ့လာသုံးသပ်ချက်မှာ ကနဦးအစီရင်ခံစာများကို အခြေခံထားခြင်းဖြစ်ပြီး ထပ်မံရောက်ရှိလာသောအစီရင်ခံစာများနှင့် စုပေါင်းသုံးသပ်မှုပြုလုပ်ပါက ရာခိုင်နှုန်းများနှင့် လေ့လာတွေ့ရှိမှုများမှာ အနည်းငယ် အပြောင်းအလဲရှိနိုင်ပါသည်။
ယခုထုတ်ပြန်ချက်သည် စောင့်ကြည့်လေ့လာသူများမှ ပေးပို့လာသော အစီရင်ခံစာများ၊ တွေ့ရှိချက်များကိုအခြေခံ၍ စုစည်းသုံးသပ်ထားခြင်းဖြစ်ပါသည်။ နောက်ဆုံးရွေးကောက်ပွဲအစီရင်ခံစာထုတ်ပြန်သည့်အခါတွင်လည်း ယခုတွေ့ရှိချက်များကို ပြန်လည်သုံးသပ်ထည့်သွင်းသွားမည် ဖြစ်ပါသည်။ ယခုအစီရင်ခံစာသည် ရွေးကောက်ပွဲဖြစ်စဥ်တစ်ခုလုံးနှင့် ရွေးကောက်ပွဲနေ့တွေ့ရှိချက်များကို အကျဥ်းချုပ် ခြုံငုံသုံးသပ် တင်ပြထားခြင်း ဖြစ်ပါသည်။
အစီရင်ခံစာအပြည့်အစုံကို အောက်ပါလင့်ခ်များတွင် ရယူနိုင်ပါသည်။
English Version Statement (အင်္ဂလိပ်လိုအစီရင်ခံစာ)
မြန်မာလိုအစီရင်ခံစာ (Myanmar Version Statement)