EEOP ၏ NMF အဖွဲ့မှ ရန်ကုန်စည်ပင်ရွေးကောက်ပွဲ (၂၀၁၉) အား စောင့်ကြည့်လေ့လာ

ရွေးကောက်ပွဲပညာပေးရေးနှင့် စောင့်ကြည့်လေ့လာရေးမိတ်ဖက်များ (EEOP) အဖွဲ့အား တည်ထောင်သူနှင့် အဖွဲ့ဝင်ဖြစ်သည့် နယူးမြန်မာဖောင်ဒေးရှင်း (New Myanmar Foundation – NMF) အဖွဲ့မှ (၂၀၁၉) ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင် ကျင်းပပြုလုပ်သော ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအဆင့်ဆင့်ရွေးကောက်ပွဲ (YCDC Elections 2019) အား ကာလရှည်ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ (၁၂) ဦးနှင့် ကာလတိုစောင့်ကြည့်လေ့လာသူ (၃၇၃) ဦးတို့ဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဥ်များကို စောင့်ကြည့်လေ့လာခဲ့သည်။ ဤရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ဒေသန္တရရွေးကောက်ပွဲများနှင့် ဒေသန္တရဒီမိုကရေစီအတွက် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်သည်။ သို့ရာတွင် အဆိုပါရွေးကောက်ပွဲ၏ ထိရောက်မှုနှင့်ပတ်သက်ပြီး ပြန်လည်သုံးသပ်ရန်လိုအပ်သည့် စိန်ခေါ်မှုအချို့ရှိနေသည်ကို တွေ့ရှိရသည်။

ယင်းသို့ စောင့်ကြည့်လေ့လာရာတွင် ရွေးကောက်ပွဲအကြိုကာလဝန်းကျင်အခြေအနေ၊ မဲရုံဖွင့်လှစ်ခြင်း၊ မဲပေးခြင်းနှင့် မဲရေတွက်ကြေညာခြင်းလုပ်ငန်းစဥ်၊ ဖြစ်စဥ်များအား စောင့်ကြည့်လေ့လာ၍ ကနဦးအစီရင်ခံစာထုတ်ပြန်ခဲ့သည်။

ရန်ကုန်စည်ပင်ရွေးကောက်ပွဲ (၂၀၁၉) စောင့်ကြည့်လေ့လာမှု အစီရင်ခံစာ ထုတ်ပြန်ခြင်း
ရန်ကုန်စည်ပင်ရွေးကောက်ပွဲ (၂၀၁၉) စောင့်ကြည့်လေ့လာမှု အစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနား

အကျဥ်းချုပ်

ရန်ကုန်မြို့တော်တွင် (၂၀၁၉) ခုနှစ်၊ မတ်လ (၃၁) ရက်နေ့(တနင်္ဂနွေနေ့)၌ ကျင်းပပြုလုပ်ခဲ့သော ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအဆင့်ဆင့်ရွေးကောက်ပွဲသည် ရန်ကုန်မြို့တော်ရှိ စည်ပင်သာယာရေးကော်မတီများ၏ ဒုတိယအကြိမ်ကော်မတီသက်တမ်းအတွက် ကော်မတီအဖွဲ့ဝင်များကို တစ်စိတ်တစ်ပိုင်းအားဖြင့် ရွေးကောက် တင်မြှောက်သော ဒေသန္တရရွေးကောက်ပွဲတစ်ခုဖြစ်သည်။ ပထမအကြိမ်ကော်မတီသက်တမ်းအတွက်ရွေးကောက်ပွဲ ကို (၂၀၁၄) ခုနှစ်၊ ဒီဇင်ဘာလ (၂၇) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီးနောက်ပိုင်းတွင် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးဥပဒေ၊ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာနည်းဥပဒေများပြဋ္ဌာန်းပြင်ဆင်ခဲ့ကာ ဒုတိယအကြိမ်ကော်မတီ သက်တမ်းအတွက် ယခုရွေးကောက်ပွဲအားကျင်းပခြင်းဖြစ်သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအဆင့်ဆင့်ရွေးကောက်ပွဲသည် ကော်မတီအဆင့် (၂) ဆင့်ဖြစ်သော မြို့တော်အဆင့်ရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတစ်ရပ်နှင့် မြို့နယ်အဆင့်ရှိ မြို့နယ်စည်ပင်သာယာ ရေးကော်မတီ (၃၃) ရပ်အတွက် တစ်ပြိုင်နက်တည်းကျင်းပပြုလုပ်ခဲ့သည်။ ရွေးကောက်ပွဲတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအတွက် (၆) ဦး နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီအတွက် ဥက္ကဋ္ဌ၊ အဖွဲ့ဝင်(၁)နှင့် အဖွဲ့ဝင်(၂) နေရာများအတွက် နေရာအလိုက် (၃) ဦးဖြင့်၊ မြို့နယ်အားလုံးအတွက် စုစုပေါင်း (၉၉) နေရာ၊ ကော်မတီ အဆင့်ဆင့်အတွက် စုစုပေါင်း (၁၀၅) နေရာကို ရန်ကုန်မြို့တော်ရှိမဲဆန္ဒရှင်များမှ မဲပေးရွေးချယ်ရခြင်းဖြစ်သည်။

ကနဦးအနေဖြင့်တင်ပြရလျှင် (၂၀၁၉) ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင် သက်ဆိုင်ရာမဲဆန္ဒနယ်များ၊ မြို့နယ်များတွင် တပြိုင်နက်တည်းကျင်းပပြုလုပ်ခဲ့သော ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအဆင့်ဆင့်ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ဒေသန္တရရွေးကောက်ပွဲများနှင့် ဒေသန္တရဒီမိုကရေစီအတွက် များစွာအရေးကြီးသော ခြေလှမ်းတစ်ရပ် ဖြစ်သော်လည်း၊ ထိရောက်အောင်မြင်သည့်ရွေးကောက်ပွဲတစ်ရပ်ဖြစ်ပေါ်လာစေရန် လက်တွေ့အကောင်အထည် ဖော်ရာ၌ စိန်ခေါ်မှုများလည်း ရှိလာခဲ့သည်။ ခြုံငုံသုံးသပ်ရလျှင် ဤရွေးကောက်ပွဲများ၌ မဲဆန္ဒရှင်များ၏ စိတ်ပါဝင်စားမှုနည်းပါးခဲ့ပြီး၊ ရွေးကောက်ပွဲလုပ်ငန်းစဥ်များအား ကြိုတင်ပြင်ဆင်မှုဆိုင်ရာ အားနည်းချက်အချို့နှင့် ကျင်းပပြီးစီးခဲ့သည်။ New Myanmar Foundation (NMF) အဖွဲ့သည် ရွေးကောက်ပွဲကျင်းပသည့်မြို့နယ်များတွင် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူသုံးရာကျော်ကိုနေရာချထားခဲ့ရာ ၄င်းတို့မှ ရွေးကောက်ပွဲနေ့အစီရင်ခံစာ အစောင်ရေစုစုပေါင်း (၁,၀၃၀) စောင်ကို ပေးပို့ခဲ့ကြသည်။ အဆိုပါအစီရင်ခံစာများအရ အငြင်းပွားမှုအချို့နှင့် မဲပေးခွင့်မရဘဲ ပြန်သွားရသူအချို့ရှိခဲ့သော်လည်း၊ ရွေးကောက်ပွဲနေ့လုပ်ငန်းစဥ်များအားအကဲဖြတ်ရာတွင် (၉၅%) ရာခိုင်နှုန်း ကောင်းမွန်သည်ဟုဆိုကြသည်။ ယခုအစီရင်ခံစာသည် ရွေးကောက်ပွဲနေ့တွေ့ရှိချက်များကို အဓိကထား အကျဥ်းချုပ်၍၊ ခြုံငုံသုံးသပ်၊ တင်ပြထားခြင်း ဖြစ်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအဆင့်ဆင့်ရွေးကောက်ပွဲ (၂၀၁၉) အား စောင့်ကြည့်လေ့လာရေးအစီရင်ခံစာအပြည့်အစုံကို အောက်ပါလင့်ခ်များတွင် ရယူဖတ်ရှုနိုင်ပါသည်။

English Version Report (အင်္ဂလိပ်လိုအစီရင်ခံစာ)

မြန်မာလိုအစီရင်ခံစာ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Privacy Preferences
When you visit our website, it may store information through your browser from specific services, usually in form of cookies. Here you can change your privacy preferences. Please note that blocking some types of cookies may impact your experience on our website and the services we offer.